ပြောင်းပြီးရင် လဲကြပါစို့..

 

သင်္ကြန်ကို ပြောင်းရွေ့ခြင်းလို့  အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊
စာရေးသူအနေနဲ့ ပြောင်းရွေ့ခြင်း ဆိုတဲ့စာသံပေသံ လေသံကိုပင် ပြောင်းလဲခြင်းဟု ထပ်ခါဖွင့်ဆိုချင်ပါ၏၊
ပြောင်းလဲခြင်းဟုဖွင့်ဆိုရခြင်းမှာ Everything is changing. ဆိုသည့်အတိုင်း အရာဝတ္ထုတိုင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတဲ့ သဘာဝ၊ အနိစ္စ-မမြဲခြင်းသဘောကို ပိုပြီးပီပြင်စွာမြင်စေချင်သည့် စိတ်စေတနာကြောင့်ရယ်ပါ၊(မရောင်ရာဆီလူးဟုဆိုခြင်နေမလား၊မတက်နိုင်ဘူးဆက်ရေးရတော့မှာဘဲ )
တစ်ရာသီကုန်လို့ တစ်ရာသီပြောင်း၊ တနှစ်ကုန်လို့ တနှစ်ပြောင်း၊ အဟောင်း အဟောင်းတွေကုန်တဲ့အချိန်နဲ့ အသစ်အသစ်တွေ စဉ်ဆက်မပျက် ဆက်ကာဆက်ကာ ဖြစ်နေတဲ့ကြားထဲကနေ အချိန်ကာလတခုကိုပဲ သတ်သတ်မှတ်မှတ် အနေအားဖြင့် နှစ်သစ်ကူးရိုးရာပွဲအနေအားဖြင့်် ဆင်နွဲကြတာကိုပဲ သင်္ကြန်လို့ခေါ်ဆို သတ်မှတ်တာလို့နားလည်ပါတယ်၊
အဲဒီလိုပြောင်းလဲခြင်းကိုပဲ တေးရေးဆရာ ဂီတနက်သန် ကိုစောညိမ်းက “ရော်ရွက်ဝါ မြညှာညောင်းကာ ညိုးလျှော့ခွေပြောင်း နွေနှောင်းရာသီမှာ လေယူနှင်ရာ ကြွေကာဝဲကာ ဆင်းရွှေမှုံရောရာ မြေသို့သက်လျှော လွမ်းဘွဲ့သာမောစွာ” ဟု မြရောင်စိမ်းနေသည့် သစ်ရွက်ညှာတံလေးဟာဖြင့် ရင့်ရော်ကာပြောင်းလဲ အတောင်ညောင်းတဲ့ ငှက်ပမာ မြေသို့ဝဲကာ ဆင်းသက်လာတဲ့ဟန် ပြောင်းလွဲခြင်းသဘာဝအမှန်ကို တင်စားရေးစပ်ပြတာဟာဖြင့် နှစ်လုံးသားနုသူတွေအဘို့ ရွှေရင်စို့စ၇ာပါ၊
ဘာပဲဖြစ်နေနေ သင်္ကြန်ဆိုတာကတော့ ပြောင်းလဲခြင်းကာလတွေများစွာထဲက ပြောင်းလဲခြင်းကာလ တခုဟုဆိုလျှင်…အဲဒီအချိန်ကာလနဲ့ အတူဖြက်သန်းနေရတဲ့လူတွေဟာလည်း ပြောင်းလဲခြင်းတွေနဲ့အတူ ဖြတ်သန်းနေရတာကတော့ အမှန်ပါဘဲ၊ ဒါဆိုရင် တိုးတက်ဘို့ပြောင်းလဲလိုတဲ့သူဟာ စဉ်းစားဘို့လိုလာ ပြီပေါ့နော်၊ ကောင်းသောတိုးတက်မှု့နဲ့ပြောင်းလဲတာလား၊ မကောင်းသောဆုတ်ယုတ်မှု့နဲ့ ပြောင်းလဲတာလား စဥ်းစားစရာပါ၊
လူတိုင်းဟာ အသက်အရွယ် အတွေ့အကြုံအလိုက် အတွေးပြောင်းလဲတတ်တာ သဘာဝပါ၊
အဲဒီထဲက စာရေးသူလက်လှမ်းမှီသမျှ ပြောင်းလဲခြင်းနဲ့ပါတ်သက်တဲ့ အတွေးတစ်စ ဆွဲထုတ်ကြည့်နေမိရင်းက  ကိုယ်တွေးသမျှ သိသမျှ ပြောပြချင်တဲ့ ဆန္ဒက တားမရတော့..
လူ့ဘဝလူရယ်လို့သိတတ်ခါစ….                                                                                            ကလေးဘဝ ကျောင်းနေကာစ အရွယ်မှာဖြင့် တုတ်ကလေးတွေ ဓါးကလေးတွေနဲ့ ကလေးသဘာဝ တုတ်သိုင်း ဓါးသိုင်း ကကာဆိုကာ ကစားနေကြရင်၊ မိဘတွေ အစ်ကိုတွေအမတွေက ဝမ်းဗိုက်ကိုထိုးမိမှာ မျက်လုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက် တုတ်နဲ့ ဓါးနဲ့ မဆော့ဘို့တားကြတဲ့အခါ ကလေးကမကြိုက်ပါ၊ ဘာဖြစ်လို့လည်းဆိုတော့ တုတ်နဲ့ ဓါးနဲ့ ဆော့ကစားနေရတာကိုပဲ သူ့အရွယ် သူ့အတွေး သူ့ပျော်ရွင်အတွက် အမှန်တရားဖြစ်နေလို့ပါဘဲ၊
အဲဒီကနောက် အကယ်၍များ ဒုတ်ဓါးနဲ့ကစားစဉ်က ခန္ဓာကိုယ်ထိခိုက်မှု့ တခုခုဖြစ်ခဲ့မယ်ဆိုလျှင်တော့ ကိုယ်တိုင်လည်းပူပန် မိဘအသိုင်းအဝိုင်းလည်း စိတ်ပူရတက်ပါတယ်၊ (စာရေးသူရဲ့ အစ်ကိုဝမ်းကွဲတယောက်မှာဖြင့်  သူ့ရဲ့သူငယ်ချင်းတယောက်က အုန်းလက်တံလေးကို လက်ညိုးပေါ်မှာတင် အဖျားကိုခေါက် ပြစ်လိုက်တဲ့အုန်းလတ်မျှားအရှိန်ကြောင့် မျက်စိတဖတ်ပျက်စီးရပါတယ်၊အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု့တခုပါ )၊ တုတ်နဲ့ ဓါးနဲ့ ကစားရတာဟာ အန္တရာယ်များမှန်း သိတက်လာတဲ့အရွယ်ကြတော့ တုတ်နဲ့ဓားနဲ့ ကိုယ်တိုင်လည်းမကစားကြတော့သလို၊ မိမိကိုယ်တိုင်မကစားတဲ့အပြင် ကစားတဲ့ကလေးတွေကိုတွေ့ရင်တောင် အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ တားမြစ်ကြပါတယ်၊ ဒါကလည်းအရွယ်နဲ့အတူ ပြောင်းလဲခြင်းတခုပါ။
ဒီလိုနဲ့ အသက် ၁၅ နှစ် ၁၆ နှစ် စာသင်ခန်းထဲမှာ စာကိုကြိုးစားသင်ယူရမဲ့အချိန်မှာ မကြိုးစားပဲ ကျောင်းလစ်၊ ကျုရှင်မသွား အပေါင်းအသင်းများနဲ့ ဟေးလားဝါးလား လုပ်နေရတာကိုပဲ ပျော်ရွင်မူ့တခုလို့ သဘောထားနေ တဲ့သူကို ဆရာသမားများက စားကိုကြိုးစားသင်ယူဘို့ ဆုံးမကြတဲ့အခါ မကျေမနပ် သဘောမကျ ပုန်ကန်ကြတာကိုလည်း တွေ့ကြရပြန်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူ့အရွယ်သူ့အတွေး သူကိုယ်တိုင် အမှတ်ပေးပြီး အမှန်လို့သဘောထားနေတာကြောင့်ပါ၊
ထိုမှနောက် နှစ်၃၀ နှစ် ၄၀ အရွယ်မှာ စီးပွါးရှာကြရာဝယ် ပညာလမ်းကြောင်းနဲ့ကြီးပြင်းလာသူကတော့ အလုပ်ကောင်ကောင်း ဝင်ငွေကောင်းကောင်းနဲ့ ဘဝတခုကိုရပ်တည်ပြီး၊ ပညာရေးလမ်းကြောင်းကို သွေဖယ်လို့လမ်းဘေးရောက်သွားသူကတော့ ကြုံရာကျပန်း အလုပ်နဲ့ ပင့်ပန်းစွာ အသက်မွေးကြရတော့တာပါဘဲ။ အဲဒီအခါ ငယ်ငယ်က ပညာကိုကြိုးစား မသင်ယူခဲ့မိတာကိုပဲ ပြောင်းလဲတဲ့ နောင်တအနေနဲ့ ရတတ်ကြပါတယ်၊
          ဒီကတခါ ငယ်စဉ်အခါက စီးပွါးကောင်းစွာ မရှာခဲ့ရင် အသက်အရွယ်ရလာတော့ တကယ်လို့များ အားကိုးရာမဲ့စွာ လောကအလယ် မျက်နှာငယ်စွာနဲ့ ဘဝကိုဖြတ်သန်း မလန်းဆန်းတော့တဲ့ နောင်တတွေနဲ့ အတွေးတွေ ပြောင်းလဲတတ်ပြန်ပါတယ်၊
 နောက်ဆုံး…..တဖြည်းဖြည်းနဲ့ နေလုံးကြီးလည်းနွမ်း ဘဝလည်းပန်းလျှတဲ့အချိန်ကျ နောက်ဆုံး ထွက်သက် ဝင်သက်ကိုကြိုးစားရူနေရတဲ့ အချိန်မှာ အားကိုးလောက်စရာ ကုသိုလ်ဥစ္စာရှာမထားမိဘူးဆိုရင်
အော် …အရွယ်ကောင်းတုန်းက သူတော်ကောင်းတရားတွေအားထုတ်ဘို့၊ နာယူဘို့၊ ကျင့်ကြံဘို့၊ ဒုက္ခရောက်နေ သူတွေကိုကူညီဘို့ စသည်ဖြင့်….ရခဲပါတယ်ဆိုတဲ့ လူ့ဘဝကြီးမှာ လုပ်နိုင် ယူနိုင် ရနိုင်တာတွေ အများကြီးရှိပါရက်သားနဲ့ ငါမှာတော့ မေ့မေ့လျှော့လျှော့  ပေါ့ပေါ့ဆဆ နေခဲ့မိတာဟာ မှားလိုက်တာလို့များ ..နောင်တနဲ့လုံးထွေး သံသရာအရေးကို နောက်ဆုံးအချိန်ကျမှအတွေး ပြောင်းခဲ့မိရင်တော့…ပြောင်းခဲ့မိရင်တော့ ဝမ်းနည်းစရာပါလို့ ဝမ်းနည်းစကားဆိုကာမျှဖြင့်လည်း လုံလောက်မယ်လို့ မထင်ပါ၊
ဒီတော့ သင်္ကြန်- ပြောင်းရွေ့ခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်းဆိုတဲ့..ပြောင်းလဲခြင်းတွေများစွာထဲက အခုရေးခဲ့သလို အပူနောင်တနဲ့ ပြောင်းလဲခြင်းမျိုးမဖြစ်ကြရအောင်...
          ပိုးစုန်းကြူးတွေကိုစု အပေါ်မှာအမှိုက်တင် မီးရလေမလားရယ်လို့ ကြိုးစားကာမှုတ်နေတဲ့သူလို အချိန်ကုန်လူပန်းပြီး အချည်းနှီးမဖြစ်ရလေအောင်.. ညီငယ် ညီမငယ်လေးများနဲ့ အားလုံးသောသူတွေဟာ ကိုယ့်အရွယ် ကိုယ့်အတွေးမှန်သမျှတွေဟာ အမြဲတမ်း ပြည့််စုံပြီလို့တော့ အတ္တကိုကိုင်စွဲ ငါမှငါဘဲဆိုတဲ့ တယူသန်အတွေးတွေနဲ့ ဘယ်သူပြောတာမှလက်မခံ မာနတွေတင်းခံနေဘို့ သင့်မသင့် ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အခါ ကိုယ်ပိုင်ဉာဏ်နဲ့သုံးသပ်ကာ ယခုကောင်းကျိုး နောင်ကောင်းကျိုးတွေကို  လက်မလွတ်ရအောင်၊ မြင့်မြတ်တဲ့ဆန္ဒ၊ တည်ကြည်တဲ့စိတ်ဓါက်၊ မလျှော့သောဇွဲလုံလ၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်တွေနဲ့ သုံးသတ်ဆုံးဖြက်ပြီး…
တရားလေသံ ခပ်ဆန်ဆန်ပြောရရင် အချိန်ဆိုတဲ့ ယန္တယားကြီးက ရလာတဲ့ ခန္ဓာကိုယ်ကြီးကို အို ရာကနေ နာ-ရာစီသို့၊ နာ-ရာကနေ သေနယ်ဆီသို့တဖြည်းဖြည်း မရောက် ရောက်အောင် ပြောင်း ပို့ပေးနေတာပါဘဲ၊ တားလို့မရတဲ့သဘောတရားကြီးပါနော်၊ အဲဒီထဲကမှ အနှစ်သာရရယ်လို့ ဘာမျှမပါ ရထားတဲ့ခန္ဓာကိုယ်ကို အနှစ်သာရဖြစ်ဘို့ ဒီနှစ် သင်္ကြန်ကစလို့ အကျိုးမဲ့ပေးတတ်တဲ့ မကောင်းမှု့တွေကိုပါယ်ရှား ကုသိုလ်တရားတွေနဲ့ အားခဲကာ ကြပါစို့…

0 comments:

Post a Comment